အမြင်အာရုံ နှစ်ထပ် ဖြစ်စေတဲ့ အကြောင်းအရင်း
အမြင်အာရုံတွေ ဝေဝါးပြီး နှစ်ထပ် ဖြစ်နေတာကို ကြုံဖူးကြလား? ဒီလို အမြင်အာရုံ နှစ်ထပ် ဖြစ်တာကို ဆေးပညာမှာတော့ Diplopia ဒါမှမဟုတ် Double Vision လို့ ခေါ်ပါတယ်။
အမြင်အာရုံ နှစ်ထပ် ဖြစ်တယ် ဆိုတာ အရာဝတ္ထုတစ်ခုကို မျက်လုံးထဲမှာ ပုံရိပ် နှစ်ခု အဖြစ် မြင်တွေ့နေရတာမျိုး ဖြစ်ပါတယ်။ မျက်လုံး တစ်ဖက်တည်းလည်း ဖြစ်နိုင်သလို မျက်လုံးနှစ်ဖက်လုံးမှာလည်း ဖြစ်နိုင်ပါတယ်။
ပုံမှန်အားဖြင့် အမြင်အာရုံကြောမကြီးက မျက်လုံးကနေ ဖမ်းယူလိုက်တဲ့ ပုံရိပ်တွေကို မျက်လုံးကြွက်သားတွေ၊ အာရုံကြောတွေကနေ တစ်ဆင့် ဦးနှောက်ဆီကို ပို့ပေးပြီး မြင်ကွင်း တစ်ခု ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမြင်အာရုံ နှစ်ထပ် ဖြစ်ရတာက မျက်လုံး အားနည်းတာ တစ်ခုတည်းကြောင့် မဟုတ်ဘဲ ကျန်တဲ့ ကျန်းမာရေး ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အမြင်အာရုံ နှစ်ထပ် ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့
မျက်လုံး ပြဿနာ
မျက်ကြည်လွှာဆိုတာ မျက်လုံးရဲ့ အပြင်ဘက်ဆုံး အလွှာ ဖြစ်ပြီး အလင်းတစ်ခု ဝင်ရောက်တဲ့အခါ ပထမဆုံး ဖြတ်သန်းရတဲ့ အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။ မျက်ကြည်လွှာ ကျန်းမာရေး၊ မျက်စိအရှေ့ပိုင်းခုံး မညီညာတာ၊ မျက်လုံး ခြောက်သွေ့တာ၊ ရောဂါပိုး ဝင်တာ၊ ရေတိမ်ရောဂါတွေ ရှိနေတာက အမြင်အာရုံ နှစ်ထပ် ဖြစ်စေပါတယ်။
မျက်လုံးကြွက်သား
မျက်လုံးရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ပေးနေတဲ့ မျက်လုံးကြွက်သားတွေ အားနည်းတာ ဒါမှမဟုတ် သွိုင်းရွိုက်ဟော်မုန်း များတဲ့ ရောဂါတွေမှာ မျက်လုံးကြွက်သားတွေပေါ် သက်ရောက်မှု ရှိတဲ့ အတွက်ကြောင့် အမြင်အာရုံ နှစ်ထပ် ဖြစ်စေပါတယ်။
အာရုံကြော ပြဿနာ
အာရုံကြောတွေ ထိခိုက်ဒဏ်ရာရတာ၊ ဆီးချိုရောဂါအခံကြောင့် အာရုံကြော ပျက်စီးတာ၊ Multiple Sclerosis လို့ ခေါ်တဲ့ ကိုယ်ခံအားစနစ်နဲ့ ဆိုင်တဲ့ ရောဂါကြောင့် ဦးနှောက်နဲ့ အာရုံကြောတွေကို ပျက်စီးမှုတွေ ဖြစ်ပေါ်စေပြီး မြင်လွှာ နှစ်ထပ် ဖြစ်စေပါတယ်။
ဦးနှောက် နဲ့ ပတ်သက်တဲ့ ရောဂါ
အမြင်အာရုံ နှစ်ထပ် ဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ဦးနှောက် ထိခိုက်ဒဏ်ရာရတာ၊ ဦးနှောက် အကျိတ်ရောဂါ၊ လေဖြတ်ရောဂါ၊ ခေါင်းတခြမ်းကိုက် ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
လူတစ်ယောက်အတွက် အမြင်အာရုံ ဆိုတာ နေ့တစ်ဓူဝ ကိစ္စတွေ ဆောင်ရွက်ရာမှာ အရေးပါလှပါတယ်။ အမြင်အာရုံ နှစ်ထပ် ဖြစ်ခြင်းက ဆုံးဖြတ်ချက်တွေကို ဝေဝါးစေတဲ့အပြင် အာရုံကြောမကြီးနဲ့လည်း ဆက်စပ်နေတဲ့အတွက် မပေါ့ဆသင့်ဖို့ ကျန်းမာရေး ဗဟုသုတ အနေနဲ့ မျှဝေပေးလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)